ချယ်လ်ဆီးအသင်းကနေ အက်စတွန်ဗီလာကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနားတောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုဟာ နည်းပြ အူနိုင်းအမ်မရီရဲ့ လက်အောက်မှာ ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်နေရပါတယ်။

အင်္ဂါနေ့က ဂါလာတာစာရေးကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂါနာချိုကို လူစာရင်းကနေ ချန်လှပ်ခဲ့တာဟာ ပရိသတ်တွေအကြား စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

အရန်ခုံမှာ နေရာလွတ်ရှိပေမဲ့ ဂါနာချိုကို မရွေးချယ်ခဲ့

အမ်မရီဟာ အရန်ကစားသမား ၁၂ ဦးအထိ ရွေးချယ်နိုင်ခဲ့ပေမဲ့ ၁၁ ဦးသာ ထည့်သွင်းခဲ့ပြီး ဂါနာချိုကို ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂါနာချိုကို မရွေးချယ်ခဲ့တဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မေးမြန်းရာ အမ်မရီက “ဒီနေ့ ကျွန်တော်တို့နဲ့အတူ ရှိသင့်တယ်လို့ ယူဆတဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ ရွေးချယ်ခဲ့တာပါ” လို့ ဖြေကြားခဲ့ပါတယ်။

ဂါနာချိုဟာ အောက်တိုဘာ ၃၁ ရက်က ဖူလ်ဟမ်နဲ့ပွဲမှာ သုံးမိနစ်သာ ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ပွဲကစားခွင့် မရရှိတော့ပါဘူး။

အပြီးသတ်ခေါ်ယူရေးအပေါ် မေးခွန်းထုတ်စရာဖြစ်လာ

ဗီလာဟာ ဂါနာချိုကို အငှားခေါ်ယူစဉ် သတ်မှတ်ထားတဲ့ အခြေအနေတွေ ပြည့်မီပါက လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူမယ့် သဘောတူညီချက် ထည့်သွင်းထားပါတယ်။

အဆိုပါ အခြေအနေတွေကို အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိပေမဲ့ ချယ်လ်ဆီးအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းခန့် ရရှိဖို့ မျှော်လင့်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အမ်မရီဟာ ယခင်ကလည်း ဂါနာချိုအနေနဲ့ လေ့ကျင့်ရေးမှာ ပိုမိုကြိုးစားပြီး အသင်းရဲ့ ကစားဟန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ လူငယ်ကစားသမားတွေက အမ်မရီရဲ့ ယုံကြည်မှုကို ပိုမိုရရှိနေတဲ့အတွက် ဂါနာချိုအနေနဲ့ ပုံမှန်ပွဲကစားခွင့် ပြန်လည်ရရှိဖို့ ခက်ခဲတဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။