ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်ဘော်လီဘောပြိုင်ပွဲမှာ မြန်မာနဲ့ ဆက်နွယ်မှုရှိတဲ့ လူငယ်ကစားသမားတစ်ဦး လက်စွမ်းပြနေပါတယ်။ သူမကတော့ Denso Airybees အသင်းမှာ ကစားနေတဲ့ အသက် ၁၉ နှစ်အရွယ် ရည်မွန်မြတ် (Yee Mon Myat) ပဲ ဖြစ်ပါတယ်။

ရည်မွန်မြတ်ဟာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့၌ မွေးဖွားခဲ့ပြီး အရပ် ၁၇၆ စင်တီမီတာရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ဘော်လီဘောအင်အားကောင်းတဲ့ ကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Shimokitazawa Seitoku အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာ အထက်တန်းကျောင်း ဒုတိယနှစ်မှာ Inter-High ဘော်လီဘောချန်ပီယံဆု ရရှိခဲ့တာကို ဘဝရဲ့ မမေ့နိုင်ဆုံးအမှတ်တရအဖြစ် အသင်းရဲ့ တရားဝင်မိတ်ဆက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ရည်မွန်မြတ်ဟာ ဂျပန်အမျိုးသမီး SV League ပြိုင်ပွဲဝင် Denso Airybees အသင်းအတွက် ကျောနံပါတ် ၁၇ ဝတ်ဆင်ကစားနေပါတယ်။ အသင်းရဲ့ တရားဝင်မှတ်တမ်းမှာ သူမကို Outside Hitter အဖြစ် ဖော်ပြထားပြီး အဓိကအားသာချက်ကတော့ ပြင်းထန်တဲ့ တိုက်စစ်ရိုက်ချက်တွေ ဖြစ်ပါတယ်။

၂၀၂၅–၂၆ ရာသီမှာ ရီမွန်မြတ်ဟာ လိဂ်ပွဲ ၃၁ ပွဲ ပါဝင်ခဲ့ပြီး စုစုပေါင်း ၉၇ မှတ် ရယူနိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ တိုက်စစ်ကနေ ၉၄ မှတ်နဲ့ ဆာဗင်ကနေ ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၆–၂၇ ရာသီအစမှာတော့ သူမရဲ့ လက်စွမ်းက ပိုမိုသိသာလာခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက် Ageo Medics နဲ့ပွဲမှာ ၁၁ မှတ်၊ အောက်တိုဘာ ၁၈ ရက်ပွဲမှာ ၂၅ မှတ်နဲ့ အောက်တိုဘာ ၂၃ ရက် Hisamitsu Springs နဲ့ပွဲမှာ ၁၇ မှတ် ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရာသီအစ သုံးပွဲအတွင်း စုစုပေါင်း ၅၃ မှတ်အထိ ရရှိထားပြီး တစ်ပွဲပျမ်းမျှ ၁၇ မှတ်ကျော် ရယူထားနိုင်တာ ဖြစ်ပါတယ်။

ရည်မွန်မြတ်ရဲ့ နာမည်ဟာ မြန်မာပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်သလို ဘော်လီဘောကစားသမားအချက်အလက်စုစည်းတဲ့ Women Volleybox မှာလည်း သူမကို ဂျပန်နဲ့ မြန်မာနွယ်ဖွားအဖြစ် ဖော်ပြထားပါတယ်။ သို့သော် ဂျပန်လိဂ်ရဲ့ တရားဝင်မှတ်တမ်းမှာတော့ နိုင်ငံသားအဖြစ် ဂျပန်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ရည်မွန်မြတ်ဟာ ဂျပန်ရဲ့ ထိပ်တန်းဘော်လီဘောပြိုင်ပွဲမှာ ပုံမှန်ပါဝင်ခွင့်ရရှိလာပြီး အမှတ်တွေ ဆက်တိုက်ရယူနေတဲ့အတွက် အနာဂတ်မှာ ဘယ်အဆင့်အထိ တိုးတက်လာမလဲဆိုတာ စောင့်ကြည့်ရမယ့် လူငယ်ကစားသမားတစ်ဦး ဖြစ်လာပါတယ်။