ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဒန်နီကာဗာဟယ်လ်ဟာ လာလီဂါပြိုင်ဘက် ဂီတာဖေးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီး အသင်းသစ်မှာ ကစားနိုင်ဖို့အတွက် ယခင်ရရှိခဲ့တဲ့ လစာထက် ၉၀ ရာခိုင်နှုန်းအထိ လျှော့ယူဖို့ လက်ခံခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

အသက် ၃၄ နှစ်အရွယ် စပိန်နောက်ခံလူဟာ ဇွန်လ ၃၀ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ကစားသမားတစ်ဦး ဖြစ်နေခဲ့တာပါ။ လက်ရှိမှာတော့ ဂီတာဖေးအသင်းက သူ့ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာကြောင့် မက်ဒရစ်မြို့မှာပဲ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဂီတာဖေးနည်းပြ ဟိုဆေးဘော်ဒါလက်စ်ဟာ ဥရောပဘောလုံးလောကမှာ ဆုဖလားအောင်မြင်မှုများစွာ ရရှိခဲ့ဖူးတဲ့ ကာဗာဟယ်လ်ရဲ့ အတွေ့အကြုံတွေကို အသင်းအတွက် အသုံးချလိုတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကိုယ်တိုင်တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။

ကာဗာဟယ်လ်ဟာ ရီးရဲလ်မက်ဒရစ်မှာ နှစ်ပေါင်းများစွာ ကစားခဲ့စဉ်အတွင်း ဖိအားများတဲ့ ပွဲကြီးပွဲကောင်းတွေကို ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး အဲဒီအတွေ့အကြုံတွေက ဂီတာဖေးအသင်းအတွက် အကျိုးရှိနိုင်မယ်လို့ ဘော်ဒါလက်စ်က ယုံကြည်နေပါတယ်။

ဂီတာဖေးအသင်းအနေနဲ့ ညာနောက်ခံလူနေရာကို အားဖြည့်ဖို့ အဓိကရည်ရွယ်ထားပြီး ကာဗာဟယ်လ်ဟာ ကီကိုဖီမီနီယာနဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြရဲ့ နည်းစနစ်အပေါ်မူတည်ပြီး တခြားခံစစ်နေရာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

အထူးသဖြင့် ဘော်ဒါလက်စ်က နောက်ခံလူသုံးဦးစနစ်ကို အသုံးပြုမယ်ဆိုရင် ကာဗာဟယ်လ်ကို ညာဘက်ဗဟိုနောက်ခံလူအဖြစ် ထားရှိနိုင်ပြီး အန်ဒရက်စ်ဂါစီယာကိုတော့ တိုက်စစ်ပိုင်းအထိ ပိုမိုတက်ရောက်ကစားခွင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအပြောင်းအရွှေ့မှာ အံ့အားသင့်စရာအကောင်းဆုံး အချက်ကတော့ ကာဗာဟယ်လ် လက်ခံခဲ့တဲ့ လစာပမာဏပဲ ဖြစ်ပါတယ်။

သတင်းတွေအရ ကာဗာဟယ်လ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ် တစ်နှစ်ကို အခွန်ဆောင်ပြီး အသားတင်လစာ ယူရို ၁၀ သန်းဝန်းကျင် ရရှိခဲ့ပေမဲ့ ဂီတာဖေးအသင်းမှာတော့ တစ်နှစ် ယူရို ၁ သန်းဝန်းကျင်သာ ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒါဟာ ယခင်လစာထက် ၉၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားတာ ဖြစ်ပါတယ်။

ဒီလို လစာအများအပြား လျှော့ယူဖို့ သဘောတူခဲ့တာဟာ ကာဗာဟယ်လ်အနေနဲ့ ဘောလုံးကစားသမားဘဝကို အဆုံးမသတ်ချင်သေးဘဲ မိမိနေထိုင်ရာဒေသနဲ့ နီးစပ်တဲ့ အသင်းတစ်သင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားလိုတဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ သတင်းက ဖော်ပြထားပါတယ်။

ဂီတာဖေးအသင်းရဲ့ ဘဏ္ဍာရေးအင်အားဟာ ရီးရဲလ်မက်ဒရစ်နဲ့ များစွာကွာခြားပေမဲ့ ကာဗာဟယ်လ်အတွက်တော့ ပုံမှန်ပွဲကစားခွင့်ရရှိဖို့၊ အသင်းအတွက် အကျိုးပြုဖို့နဲ့ လူငယ်ကစားသမားတွေကို သူ့ရဲ့အတွေ့အကြုံတွေ လက်ဆင့်ကမ်းပေးနိုင်ဖို့က ပိုမိုအရေးပါနေတယ်လို့ သိရပါတယ်။