လီဗာပူးလ်ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က မန်ချက်စတာစီးတီးနဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမား လူးဝစ်ကူးမက်စ်ရဲ့ ခြေစွမ်းကို အထူးချီးကျူးခဲ့ပြီး အနာဂတ်မှာ အသင်းကြီးရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ကိုဒီဂတ်ပိုနဲ့ အလက်ဇန်းဒါးအီဆက်တို့ မပါဝင်နိုင်တာကြောင့် ဝေးလ်လက်ရွေးစင် လူငယ်ကစားသမား ကူးမက်စ်ကို ပွဲထွက်လူစာရင်းမှာ အံ့အားသင့်ဖွယ် ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အဆိုပါပွဲမှာ မန်စီးတီးကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ကူးမက်စ်ကတော့ ရီယိုအန်ဂူမိုဟာနဲ့ လူစားလဲခံရတဲ့ ပွဲချိန် ၇၅ မိနစ်အထိ အားရစရာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဂျရတ်က ကူးမက်စ်ရဲ့ ဖခင်ဖြစ်သူ ဂျေဆန်ကူးမက်စ်နဲ့အတူ လီဗာပူးလ်လူငယ်အကယ်ဒမီမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတွေကိုလည်း ပြန်လည်ပြောပြခဲ့ပါတယ်။

“ကျွန်တော်က သူ့အဖေနဲ့အတူ လီဗာပူးလ်အကယ်ဒမီမှာ ကြီးပြင်းလာခဲ့တာပါ။ ဂျေဆန်ကူးမက်စ်က တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ခြေနှစ်ဖက်လုံးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီး တခြားကွင်းလယ်ကစားသမားတွေနဲ့ မတူတဲ့သူမျိုးပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘောလုံးကစားရတာ ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေကို အတူဖြတ်သန်းခဲ့ကြတယ်။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်သလို မိသားစုကလည်း အရမ်းကောင်းပါတယ်” လို့ Wales Online ရဲ့ ဖော်ပြချက်အရ ဂျရတ်က ပြောကြားခဲ့ပါတယ်။

လူငယ်အကယ်ဒမီကနေ အသင်းကြီးအထိ တက်လှမ်းလာခဲ့သူဖြစ်တဲ့ ဂျရတ်က မန်စီးတီးလို ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ ကူးမက်စ် ပြသခဲ့တဲ့ ရဲရင့်မှုနဲ့ ကြိုးစားအားထုတ်မှုကို အထူးသဘောကျခဲ့ပါတယ်။

“သူ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကယ်ဒမီကနေ တက်လာခဲ့တဲ့သူပါ။ လူငယ်ကစားသမားတွေ အခွင့်အရေးရပြီး အဲဒီအခွင့်အရေးကို အသုံးချနိုင်တာ မြင်ရတာ ကျွန်တော်သဘောကျတယ်။ မနေ့က သူ့ကို တကယ့်ခက်ခဲတဲ့ အခြေအနေထဲ တန်းထည့်လိုက်သလိုပါပဲ။ ပရီးမီးယားလိဂ် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲက အန်ဖီးလ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရတာဆိုတော့ ဘယ်လောက်ကြီးမားတဲ့ စမ်းသပ်မှုလဲ။ ဒါပေမဲ့ သူက သူ့ကိုယ်သူရော အကယ်ဒမီကိုပါ ဂုဏ်ယူစရာဖြစ်အောင် ကစားပြခဲ့ပါတယ်” လို့ ဂျရတ်က ဆိုပါတယ်။

ဒါပေမဲ့ ကူးမက်စ်အနေနဲ့ တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အပိုင်းတွေရှိကြောင်း ဂျရတ်က ဝန်ခံခဲ့ပြီး မှန်ကန်တဲ့ လေ့ကျင့်သင်ကြားမှုတွေနဲ့ အခွင့်အရေးတွေ ရရှိမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ကစားနိုင်တဲ့ အဆင့်အထိ ရောက်ရှိလာမယ်လို့ ယုံကြည်နေပါတယ်။

“တချို့အချိန်တွေမှာ သူ့ရဲ့ကစားပုံက နည်းနည်းလိုအပ်ချက်ရှိခဲ့တယ်။ ပြင်ဆင်ရမယ့်အရာတွေ အများကြီးရှိသေးသလို အလားအလာလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ အသင်းအတွက် တိုက်ပွဲဝင်တာ၊ ပရိသတ်တွေနဲ့ အကယ်ဒမီကို ကိုယ်စားပြုတာတွေမှာတော့ သူက အကယ်ဒမီကစားသမားတစ်ယောက်လို မဟုတ်ဘဲ ရင့်ကျက်တဲ့ ကစားသမားတစ်ယောက်လို ကစားပြခဲ့တယ်။ ကျွန်တော် သူ့အတွက် တကယ်ဂုဏ်ယူပါတယ်။ သူက အနာဂတ်မှာ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ ပြသခဲ့တယ်။ သူ ပိုတိုးတက်လာဦးမှာပါ” လို့ ဂျရတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီကာရေဂါကလည်း ကူးမက်စ်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး လူငယ်ကစားသမား ကူးမက်စ်နဲ့ ဗစ်တာမူနော့ဇ်တို့ဟာ အသင်းရဲ့ ဈေးကြီးပေးခေါ်ယူထားတဲ့ ကစားသမားအချို့ထက်တောင် ပိုကောင်းခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

“ဘာကိုလာနဲ့ ဝစ်ဇ်တို့က ပိုပြီးခြေစွမ်းပြဖို့ လိုတယ်။ တိုက်စစ်မှာ မူနော့ဇ်နဲ့ ကူးမက်စ်တို့ကို ကူညီပေးဖို့ လိုတယ်။ ကူးမက်စ်နဲ့ မူနော့ဇ်တို့က ပေါင်သန်း ၁၀၀ တန် ကစားသမားနှစ်ယောက်ထက် ပိုကောင်းခဲ့တယ်။ ဒါမျိုး မဖြစ်သင့်ဘူး” လို့ ကာရေဂါက ဝေဖန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ရလဒ်ဆိုးတစ်ခု ကြုံတွေ့ခဲ့ရပေမဲ့ လူငယ်ကြယ်ပွင့် ကူးမက်စ်ရဲ့ ခြေစွမ်းကတော့ အသင်းရဲ့ အနာဂတ်အတွက် အားတက်စရာတစ်ခု ဖြစ်ခဲ့ပြီး ဂျရတ်ကလည်း နည်းပြ အန်ဒိုနီအီရာအိုလာအနေနဲ့ သူ့ကို အသင်းကြီးမှာ ဆက်လက်အခွင့်အရေးပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။