ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် တူရကီမြေမှာ ဂါလာတာစာရေးအသင်းနဲ့ ရင်ဆိုင်ရမယ့် ဘာစီလိုနာအသင်းကို အိမ်ရှင်ပရိသတ်တွေက “Welcome to Hell” (ငရဲက ကြိုဆိုပါတယ်) ဆိုတဲ့ သတိပေးစကားနဲ့ ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။ ဥရောပဘောလုံးလောကမှာ ပြိုင်ဘက်အသင်းတွေအတွက် အခက်ခဲဆုံးကွင်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ Rams Park ကွင်းရဲ့ အားပေးမှုအရှိန်အဝါဟာ ဘာစီလိုနာကစားသမားတွေအတွက် ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဂါလာတာစာရေးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Ali Sami Yen Sports Complex – Rams Park ဟာ ဧည့်သည်အသင်းတွေအတွက် ဖိအားအပြင်းထန်ဆုံး ဘောလုံးကွင်းတွေထဲမှာ ပါဝင်နေပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဒီကွင်းဟာ ပရိသတ် ၅၄,၀၀၀ ကျော် ဝင်ဆံ့ပြီး အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ ပရိသတ်တွေရဲ့ အားပေးသံကြောင့် မီးတောင်ပေါက်ကွဲနေသလို ဆူညံလေ့ရှိပါတယ်။
ဂါလာတာစာရေးအသင်းရဲ့ ယခင်အိမ်ကွင်းဟာလည်း “တူရကီငရဲ” ဆိုတဲ့ နာမည်ပြောင်နဲ့ ကျော်ကြားခဲ့ပြီး လက်ရှိ Rams Park ကွင်းကလည်း အဲဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ အိမ်ရှင်ပရိသတ်တွေဟာ ဧည့်သည်အသင်းတွေကို ကြိုဆိုရာမှာ ပွဲကြည့်စင်တစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ “Welcome to Hell” စာတန်းပါ ဧရာမပုံဖော်မှုတွေနဲ့ စိတ်ဓာတ်ရေးရာ ဖိအားပေးလေ့ရှိပါတယ်။

ဒီကွင်းရဲ့ မူလအမည်ဖြစ်တဲ့ Ali Sami Yen ဟာ ဂါလာတာစာရေးအသင်းကို တည်ထောင်ခဲ့သူကို ဂုဏ်ပြုထားတာဖြစ်ပြီး နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ နိုင်ငံတကာကုမ္ပဏီ Rams Global ရဲ့ စပွန်ဆာအမည်ကို ထည့်သွင်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဂါလာတာစာရေးပရိသတ်တွေရဲ့ အားပေးသံ ဘယ်လောက်ကျယ်လောင်နိုင်သလဲဆိုတာကို ပြသခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က မြို့ခံပြိုင်ဘက် ဖီနာဘာချီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးသံဟာ ၁၃၁.၇၆ ဒက်စီဘယ် အထိ ရောက်ရှိခဲ့တယ်လို့ ဂါလာတာစာရေးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအချိန်က ဘောလုံးကွင်းအတွင်း အကျယ်လောင်ဆုံး အားပေးသံအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တာဖြစ်ပြီး ဂါလာတာစာရေးအသင်းရဲ့ အိမ်ကွင်းအားသာချက် ဘယ်လောက်ကြီးမားသလဲဆိုတာကို သက်သေပြခဲ့ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းအတွက်တော့ တူရကီမြေက ဖိအားတွေဟာ မကြုံဖူးတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ကတ်တလန်ကလပ်ဟာ ဂါလာတာစာရေးရဲ့ အိမ်ကွင်းကို နောက်ဆုံးသုံးကြိမ် သွားရောက်ရင်ဆိုင်ခဲ့ရာမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တဲ့ မှတ်တမ်းရှိနေပါတယ်။
၂၀၀၂ ခုနှစ် မတ်လ ၁၉ ရက်နေ့က နည်းပြ ကားလက်စ်ရက်ဇက်ခ် လက်ထက်မှာ လူးဝစ်အင်းနရစ်ရဲ့ ဒုတိယပိုင်းသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့သလို နောက်တစ်ရာသီမှာလည်း နည်းပြ လူးဝစ်ဗန်ဟားလ်ရဲ့ လက်အောက်မှာ ကလွိုက်ဗတ်နဲ့ လူးဝစ်အင်းနရစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ အင်းနရစ်သွင်းယူခဲ့တဲ့ဂိုးဟာ ဘာစီလိုနာကစားသမားဘဝရဲ့ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။
သတင်းမှာ ဖော်ပြထားတဲ့ နောက်ဆုံးတွေ့ဆုံမှုမှာတော့ ဘာစီလိုနာဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် Rams Park ကွင်းမှာ ပက်ဒရီနဲ့ အူဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့် ဂါလာတာစာရေးပရိသတ်တွေရဲ့ နာမည်ကျော် “တူရကီငရဲ” ဟာ ဘာစီလိုနာအတွက် ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုဖြစ်လာနိုင်ပေမဲ့ ကတ်တလန်အသင်းရဲ့ ယခင်အောင်မြင်မှုတွေကြောင့် အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးသံကို ကျော်ဖြတ်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
