ပြီးခဲ့တဲ့နှစ်က အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်တစ်ခုကြောင့် ပွဲတာဝန်ယူခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ဘူလ်ဂေးရီးယားဒိုင်လူကြီး ဂျော်ဂျီ ကာဘာကော့ဗ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကိုင်တွယ်ဖို့ တာဝန်ပေးအပ်ခံထားရပါတယ်။
အသက် ၄၀ အရွယ် ကာဘာကော့ဗ်ဟာ အင်္ဂါနေ့မှာ ယှဉ်ပြိုင်မယ့် နော်ဝေကလပ် ဗိုက်ကင်း စတာဗန်ဂါနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အဓိကဒိုင်လူကြီးအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆလာဗီးယားနဲ့ လိုကိုမိုတစ် ဆိုဖီယာတို့ရဲ့ ဘူလ်ဂေးရီးယားလိဂ်ပွဲစဉ်မှာ VAR ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့စဉ် အငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုနဲ့ ပတ်သက်ခဲ့ပါတယ်။
ဆလာဗီးယားအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဲဒီပွဲမှာ ပထမဂိုးမရရှိခင် ကစားသမား မာတင် ဂျော်ဂျီယက်ဗ်က ဘောလုံးကို လက်နှစ်ဖက်နဲ့ ထိတွေ့ခဲ့ပြီးနောက် အသင်းဖော် အီမီးလ် စတိုယက်ဗ်ကို ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တယ်လို့ ဘူလ်ဂေးရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ကွင်းလယ်ဒိုင်လူကြီးက သွင်းဂိုးကို ခွင့်ပြုပေးခဲ့သလို VAR ဒိုင်လူကြီးတွေအဖြစ် တာဝန်ယူနေတဲ့ ကာဘာကော့ဗ်နဲ့ ဗလာဒီမီယာ ဝေါလ်ကော့ဗ်တို့ကလည်း ဝင်ရောက်ပြင်ဆင်ပေးခဲ့ခြင်း မရှိပါဘူး။
ဒီဆုံးဖြတ်ချက်ကြောင့် လိုကိုမိုတစ် ဆိုဖီယာကစားသမားတွေနဲ့ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်တို့ အံ့အားသင့်ခဲ့ကြပြီး နောက်ပိုင်းမှာ ကာဘာကော့ဗ်နဲ့ ဝေါလ်ကော့ဗ်တို့ကို “စွမ်းဆောင်ရည်မပြည့်မီခြင်း” ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲတာဝန်ယူခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ပါတယ်။
သတင်းတွေအရ ကာဘာကော့ဗ်ဟာ ယခင်ကလည်း အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ဝေဖန်ခံခဲ့ရဖူးပြီး အဲဒီအရေးယူမှုဟာ ဘူလ်ဂေးရီးယားဘောလုံးလောကမှာ မကြုံတွေ့ဖူးသေးတဲ့ ပြင်းထန်တဲ့ အရေးယူမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
သို့သော် ပိတ်ပင်မှုဟာ အချိန်ကြာမြင့်ခဲ့ခြင်း မရှိဘဲ ကာဘာကော့ဗ်ဟာ နိုဝင်ဘာ ၇ ရက်နေ့မှာ စပါတက် ဗာနာနဲ့ ဆက်ပ်တမ်ဗရီ ဆိုဖီယာတို့ရဲ့ လိဂ်ပွဲစဉ်ကို ပြန်လည်ကိုင်တွယ်ခွင့် ရရှိခဲ့ပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ UEFA ဟာ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ပိတ်ပင်မှုရှိနေစဉ်မှာပဲ ကာဘာကော့ဗ်ကို ဥရောပပြိုင်ပွဲတစ်ပွဲအတွက် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာ UEFA က သူ့ကို မက္ကာဘီ တဲလ်အဗစ်နဲ့ အက်ဖ်စီ မစ်ဂျီလန်းတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ကိုင်တွယ်ဖို့ ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာလည်း ယူရိုပါလိဂ်၊ ကွန်ဖရင့်လိဂ်နဲ့ ဘူလ်ဂေးရီးယားပြည်တွင်းပွဲစဉ်တွေကို ဆက်လက်တာဝန်ယူခဲ့ပါတယ်။
ကာဘာကော့ဗ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ပြီး ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲမှာလည်း ပွဲစဉ်သုံးပွဲကို တာဝန်ယူခဲ့ပါတယ်။ အဲဒီထဲမှာ မက္ကဆီကိုနဲ့ ဘရာဇီးလ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်လည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲစဉ်ကိုတော့ ယခင်က တစ်ကြိမ်မှ ကိုင်တွယ်ခဲ့ဖူးခြင်း မရှိသေးတာကြောင့် ဗိုက်ကင်း စတာဗန်ဂါနဲ့ပွဲဟာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။
ပြီးခဲ့တဲ့နှစ်က VAR အငြင်းပွားမှုကြောင့် အရေးယူခံခဲ့ရတဲ့ ကာဘာကော့ဗ်ဟာ အခုတစ်ကြိမ် ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘယ်လိုစွမ်းဆောင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
